မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းတွင် ရေနံလက်ယက်တွင်း တရားမဝင်တူးဖော်လုပ်ကိုင်သူ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ထားချက်အရ သိရသည်။အဆိုပါ တရားမဝင်လုပ်ကိုင်နေသူနှစ်ဦးကို ရေနံမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့ဖြင့် နယ်မြေအတွင်း မတ်လ ၅ ရက်က လိုက်လံစစ်ဆေးခဲ့ရာ မွန်းလွဲပိုင်းတွင် ရေနံမကျေးရွာအနီးတွင် တရားမဝင်တူးဖော် လုပ်ကိုင်နေသူတစ်ဦးကိုလည်းကောင်း၊ ညနေပိုင်းတွင် ဓာတ်ကုန်းကျေးရွာအနီး ဒေသအခေါ် (ကျွန်းတော)တွင် တရားမဝင် တူးဖော်နေသည့် အမျိုးသားတစ်ဦးကိုလည်းကောင်း ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဆို ထားသည်။ထိုဖမ်းဆီးရမိသူနှစ်ဦးကို ရေနံမနယ်မြေရဲစခန်းက ရေနံလက်ယက်တွင်းဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ကာ အသီးသီး အရေးယူထားကြောင်း သိရသည်။



