ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် မတ် ၉ ရက်တွင် မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မွေးမြူရေးလုပ်ငန်းများနှင့် ကွက်သစ်ဖော်ထုတ်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့သည်။ ငအိုးကျေးရွာရှိ တောင်သူ ဦးဆင်ဝါးနော်၏ မွေးမြူရေးခြံတွင် ဝက်ကောင်ရေ ၉၀ နှင့် ကြက်ကောင်ရေ ၃၀၀၀ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ ကြက်မွေးမြူရေးတိုးချဲ့ရန်နှင့် မွေးမြူရေးဆေးဝါးများ ပံ့ပိုးကူညီပေးရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် မော်ဖောင်းကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၂၀၂) တွင် ပြည်နယ်ရန်ပုံငွေဖြင့် ဖော်ထုတ်နေသော မြေဧရိယာ ၃၄ ဧကအတွင်း မြေယာရှင်းလင်းခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ တံတားတည်ဆောက်ခြင်းနှင့် အကွက်ချမှုများကို စစ်ဆေးခဲ့ပြီး ရေမြောင်းများ စနစ်တကျ တူးဖော်ပေးရန်နှင့် လူနေအိမ်မြေကွက်များအပြင် ဈေး၊ ပန်းခြံနှင့် ကစားကွင်းများပါ ထည့်သွင်းလျာထားပေးရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။



