မတ် ၁၀ ရက်မှ ၁၄ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းမြောက်ပိုင်းတို့တွင် အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထက်အထိ မြင့်တက်နိုင်ကြောင်း မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်က သတိပေးပြောကြားသည်။ စိုထိုင်းဆမြင့်တက်လာချိန်တွင် ခံစားရသည့်အပူချိန် ပိုမိုမြင့်တက်နိုင်ကြောင်း၊ ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးများတွင် ခံစားရသည့်အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အောက်၌ ရှိနေနိုင်ပြီး ညပိုင်းနှင့် မနက်အစောပိုင်းများတွင် အအေးဓာတ်ဆက်လက်ရှိနေနိုင်ကြောင်း ဦးဝင်းနိုင်က ဆိုသည်။



