မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ ကျူးလွန်သူများကို ဖမ်းဆီးစုံစမ်းရာ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနှင့် KK Park နယ်မြေများတွင် ကျူးလွန်ခဲ့သည့် ပြည်ပနိုင်ငံသား ၂၁၄ ဦးကို သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ၁၄၀ ဦးကို ထပ်မံဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ တရုတ်နိုင်ငံသား ၂၁၄ ဦးကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြည်နှင်ခဲ့ပြီး မယ်ထော်သလေးနယ်မြေမှ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၄၀ ဦးကိုလည်း ထပ်မံဖမ်းဆီးစစ်ဆေးလျက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၉ ရက်အထိ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၄၈၄၂ ဦးကို ဖမ်းဆီးခဲ့ပြီး ၂၁၈၉ ဦးကို ပြည်နှင်ခဲ့ကာ ၂၆၅၃ ဦးကိုလည်း ပြည်နှင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။



