မာစီးဒီးစ်အသင်းဟာ ၂၀၂၅ ဖော်မြူလာဝမ်းရာသီအတွက် အသင်းပြိုင်ကားသစ်ကို တနင်္လာနေ့က တရားဝင် မိတ်ဆက်ခဲ့ပြီး အသင်းဒရိုင်ဗာ ရပ်ဆဲလ်ကတော့ ပြိုင်ကားသစ်အပေါ် စိတ်တိုင်းကျတယ်လို့ ပြောသွားခဲ့ပါတယ်။ မာစီးဒီးစ်အသင်းရဲ့ ပြိုင်ကားသစ် W16 E ဟာ ပြီးခဲ့တဲ့နှစ်ကနဲ့မတူဘဲ အသင်းကို အပြောင်းအလဲတွေ ယူဆောင် ပေးလာလိမ့်မယ်လို့ ရပ်ဆဲလ်က ပြောသွားခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ကတော့ မာစီးဒီးစ်အသင်းပြိုင်ကားက အားနည်းချက်တွေရှိ ခဲ့သလို အသင်းလိုက်ရပ်တည်မှုမှာလည်း မက္ကလာရင်၊ ရက်ဘူးလ်နဲ့ ဖာရာရီအသင်းတို့နောက် စတုတ္ထနေရာမှာသာ ရပ်တည်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ မာစီးဒီးစ်အသင်းဟာ အခုနှစ်မှာ ဒရိုင်ဗာအပြောင်းအလဲ ပြုလုပ်ထားပြီး ဟာမီလ်တန်ရဲ့နေရာမှာ အသက် ၁၈ နှစ်သာရှိသေးတဲ့ အန်တို နယ်လီကို အစားထိုးထားပါသည်။



