မိုတိုဂျီပီ လက်ရှိကမ္ဘာ့ချန်ပီယံ စပိန်နိုင်ငံသား မာတင်ဟာ လက်ဒဏ်ရာကို တစ်လထဲ နှစ်ကြိမ် ခွဲစိတ်ခဲ့ရတာကြောင့် ရာသီအစပိုင်းကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် မာတင်ဟာ အခုလ အစောပိုင်း က မလေးရှားမှာ ပြုလုပ်ခဲ့တဲ့ ရာသီကြိုစမ်းသပ်မောင်းနှင်မှုမှာ မတော်တဆမှုနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ညာဘက်လက် ကျိုးသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလက်ကျိုးဒဏ်ရာကို ခွဲစိတ်ကုသခဲ့ပြီးနောက် ပြီးခဲ့တဲ့ တစ်ပတ်က လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နိုင်ခဲ့ပေမဲ့ မတော်တဆမှုနဲ့ ထပ်ရင်ဆိုင်ခဲ့ရပြီး ဘယ်ဘက်လက် ထပ်မံဒဏ်ရာ ရရှိခဲ့တာပါ။ မာတင်ရဲ့ ဘယ်ဘက်လက်ဒဏ် ရာကို ဖေဖော်ဝါရီလ ၂၅ ရက် ဘာစီလိုနာမြို့မှာ ခွဲစိတ်ကုသမှာဖြစ်ပြီး ရာသီ အဖွင့်ပွဲဖြစ်တဲ့ ထိုင်း မိုတိုဂျီပီ ပြိုင်ပွဲကို လွဲချော်မယ်လို့ သိရပါတယ်။



