လန်ဒန်ဒါဘီပြိုင်ဘက် ဝက်စ်ဟမ်း အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ်အသင်းနည်းပြ အာတီတာ ဟာ ဒေါသပေါက်ကွဲခဲ့ပြီး မိမိတို့အနေဖြင့် ချန်ပီယံဆုစိန်ခေါ်နိုင်သည့် အဆင့်မျိုးမရှိကြောင်း ဝန်ခံ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်း ပွဲကျပ်ကစားရမယ့် အခြေအနေကို အခွင့်အရေးမယူနိုင်ဘဲ ဝက်စ်ဟမ်းအသင်းအား အိမ်ကွင်းမှာပင် တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့သလို ၇၃ မိနစ် တွင် နောက်ခံလူ လူးဝစ်စကယ်လေ အနီကတ်ဖြင့် ထုတ်ပယ်ခံရသောကြောင့် တစ်ယောက်လျော့ဖြင့် ကစားခဲ့ရပါတယ်။ ယခုရာသီမှာ အာဆင်နယ် အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပထမဆုံးအိမ်ကွင်းရှုံးပွဲလည်း ဖြစ်လာခဲ့ပါတယ်။



