ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က သောက်သုံးရေ ရယူသုံးစွဲသူများထံမှ ကောက်ခံသွားမည့် အခြေခံ ရေဖိုးရေခ နှုန်းထားသတ်မှတ်ချက်များကို ယမန်နေ့ ဩဂုတ် ၁၉ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်လိုက်ပါသည်။အဆိုပါ စနစ်တွင် မဖြစ်မနေ ပေးဆောင်ရမည့် အခြေခံ ရေသုံးစွဲမှု အနိမ့်ဆုံး ပမာဏအဖြစ် အိမ်သုံးအတွက် လစဉ် ၁၀ ယူနစ်၊ စီးပွားဖြစ်သုံးအတွက် ၂၀ ယူနစ်နှင့် လုပ်ငန်း/စက်ရုံသုံးအတွက် ၃၀ ယူနစ် သတ်မှတ်ထားသည်။ တစ်ယူနစ် နှုန်းထားများမှာ နိုင်ငံသားအတွက် အိမ်သုံး ၃၃၀ ကျပ်၊ စီးပွားဖြစ် ၅၅၀ ကျပ်၊ လုပ်ငန်း/စက်ရုံသုံး ၆၆၀ ကျပ်ဖြစ်ပြီး နိုင်ငံခြားသားအတွက် အိမ်သုံး ၈၈၀ ကျပ်၊ စီးပွားဖြစ် ၁,၁၀၀ ကျပ်၊ လုပ်ငန်း/စက်ရုံသုံး ၁,၃၂၀ ကျပ် အသီးသီး သတ်မှတ်ထားသည်။ထို့ပြင် ရေမီတာ မရှိခြင်း၊ ပျက်စီး သို့မဟုတ် ပျောက်ဆုံးနေပါက အခြေခံ သုံးစွဲမှု၏ ၆ ဆ ကောက်ခံမည်ဖြစ်သဖြင့် ရေမီတာများ စနစ်တကျ တပ်ဆင် ထိန်းသိမ်းကြရန် တိုက်တွန်းထားသည်။ လက်ရှိ ရေဖိုးရေခ ဝင်ငွေမှာ ရေသန့်စင်စက်ရုံများနှင့် ရေတွန်းစက်များ လည်ပတ်သည့် လျှပ်စစ်ဓာတ်အားခကိုသာ ကာမိရုံ ရှိသဖြင့် ယခုကဲ့သို့ စနစ်တကျ ပြောင်းလဲ ကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။


| 69 | 0 | 0 | 0 |


