ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ်နှင့် အယုဒ္ဓယခရိုင်၊ ဥထိုင်းမြို့နယ်တို့တွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် မြန်မာနိုင်ငံသား ၆၉ ဦးအပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၇၈ ဦးကို ထိုင်းလုံခြုံရေး ပူးပေါင်းတပ်ဖွဲ့များက ဩဂုတ်လ ၁၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ကန်ချနဘူရီခရိုင် စံခလပူရီမြို့နယ် နယ်စပ်တောလမ်းကြောင်းတွင် ပုန်းခိုနေသည့် တရားဝင်အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၂ ဦးကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းလှည့်ကင်းများက စစ်ဆေးတွေ့ရှိ ဖမ်းဆီးခဲ့ခြင်းဖြစ်သလို၊ အယုဒ္ဓယခရိုင် ဥထိုင်းမြို့နယ်ရှိ အလုပ်သမားတန်းလျားတစ်ခုကို ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှလည်း တရားမဝင် မြန်မာ ၁၇ ဦးနှင့် ကမ္ဘောဒီးယား ၉ ဦးတို့ ထပ်မံဖမ်းဆီးခံခဲ့ရသည်။ လက်ရှိတွင် ဖမ်းဆီးခံရသူ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံသားများအား သက်ဆိုင်ရာ မြို့မရဲစခန်းများသို့ လွှဲပြောင်းပေးထားပြီး ထိုင်းနိုင်ငံဥပဒေအတိုင်း ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


