ဂျပန်နိုင်ငံ၏ အဓိက လေကြောင်းလိုင်းကြီးများဖြစ်သည့် Japan Airlines (JAL) နှင့် All Nippon Airways (ANA) တို့သည် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ထုတ်ဝေမည့် အပြည်ပြည်ဆိုင်ရာ လေယာဉ်လက်မှတ်များအတွက် လေယာဉ်ဆီပိုကြေး (Fuel Surcharge) များကို ပြန်လည်လျှော့ချသွားမည်ဖြစ်သည်။
အရှေ့အလယ်ပိုင်း ဒေသမတည်ငြိမ်မှုများကြောင့် လေယာဉ်ဆီဈေး မြင့်တက်ခဲ့ရာ ယင်းလေကြောင်းလိုင်းနှစ်ခုသည် ဇူလိုင်နှင့် ဩဂုတ်လအတွက် မြောက်အမေရိကနှင့် ဥရောပ ခရီးစဉ်များ၌ လေယာဉ်ဆီပိုကြေးကို စံချိန်တင် ယန်း ၆၅,၀၀၀ အထိ တိုးမြှင့်ကောက်ခံခဲ့သည်။ သို့သော် မကြာမီကာလအတွင်း လေယာဉ်ဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာသည့်အတွက် လာမည့် စက်တင်ဘာနှင့် အောက်တိုဘာလများတွင် အဆိုပါ ခရီးစဉ်များအတွက် ဆီပိုကြေးကို ယန်း ၅၀,၀၀၀ မှ ၅၅,၀၀၀ ကြားသို့ လျှော့ချကောက်ခံသွားမည်ဖြစ်သည်။အခြားသော အာရှခရီးစဉ်များ ပါဝင်သည့် လမ်းကြောင်းများတွင်လည်း လေယာဉ်ဆီပိုကြေးများကို အသီးသီး လျှော့ချပေးသွားမည် ဖြစ်သည်။ လေကြောင်းလိုင်းများ၏ လေယာဉ်ဆီပိုကြေးနှုန်းထားကို လွန်ခဲ့သည့် ၂ လက ဖြစ်ပေါ်ခဲ့သော လေယာဉ်ဆီ ပျမ်းမျှဈေးနှုန်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းများပေါ် အခြေခံ၍ ၂ လတစ်ကြိမ် ပြန်လည်တွက်ချက် ပြင်ဆင်လေ့ရှိသည်။


