စင်ကာပူနိုင်ငံ၊ ချန်ဂီ (Changi) ကမ်းခြေမှ ပင်လယ်ရေသတ္တဝါများကို လူတစ်စုက တရားမဝင် ဖမ်းဆီးကာ စားသောက်ဆိုင်သို့ ယူဆောင်လာပြီး ချက်ပြုတ်စားသောက်ခဲ့သည့် ဗီဒီယို ပျံ့နှံ့သွားပြီးနောက် သက်ဆိုင်ရာ စားသောက်ဆိုင်က လူထုအား ပြန်လည် တောင်းပန်လိုက်သည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက လူတစ်စုသည် ချန်ဂီ ကမ်းခြေမှ ဂဏန်းများနှင့် အခွံမာ ရေသတ္တဝါများကို အများအပြား ဖမ်းဆီးပြီး "Havelock Palace" အမည်ရှိ တရုတ်စားသောက်ဆိုင်သို့ ယူဆောင်ကာ ချက်ပြုတ်ခိုင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဗီဒီယို ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့သွားခဲ့ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများနှင့် ပြည်သူများ၏ ပြင်းထန်စွာ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ Havelock Palace စားသောက်ဆိုင်က စည်းကမ်းသတ်မှတ်ထားသည့် ပစ္စည်းရယူသည့် လမ်းကြောင်းပြင်ပမှ ပင်လယ်စာများကို လက်ခံချက်ပြုတ်ပေးခဲ့မိသည့်အတွက် တာဝန်ယူ တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အပြင် စင်ကာပူ အစားအသောက် အေဂျင်စီ (SFA) ကလည်း သဘာဝအတိုင်း ရှိနေသည့် ပင်လယ်ရေသတ္တဝါများတွင် ဗိုင်းရပ်စ်နှင့် ပိုးမွှားများ ပါဝင်နိုင်သဖြင့် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် သတိပြုကြရန် နှိုးဆော်ထားသည်။


