ထိုင်းနိုင်ငံ၌ ၂၀၂၅ ခုနှစ်အတွင်း အသက် ၇ နှစ်မှ ၂၅ နှစ်ကြားရှိ လူငယ် ၄၁,၉၄၄ ဦးအား စစ်တမ်းကောက်ယူခဲ့ရာ ၆၅.၅၄ ရာခိုင်နှုန်းမှာ အနိုင်ကျင့်ခံရမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်အများစုသည် ကျောင်းများတွင် သူငယ်ချင်းများ၏ အနိုင်ကျင့်မှုများဖြစ်ပြီး ယခုအခါ လူမှုကွန်ရက်ပေါ်မှ အနိုင်ကျင့်မှုများလည်း ပိုမိုကျယ်ပြန့်လာနေသည်။ မိသားစုဝင်များ၏ နာမည်ကို ခေါ်၍ စနောက်ခြင်း၊ ရုပ်ရည်သွင်ပြင်ကို ဝေဖန်ခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့မှာ အများဆုံး ကြုံတွေ့ရသည့် ပုံစံများဖြစ်ကာ ယင်းကြောင့် စိတ်ကျန်းမာရေး ပြဿနာများ ကြုံတွေ့လာနိုင်ကြောင်း ကျန်းမာရေးဌာနက သတိပေးထားသည်။ အဆိုပါ အနိုင်ကျင့်ခံရမှု ပြဿနာကို ဖြေရှင်းရန်အတွက် ကျောင်းများတွင် စည်းမျဉ်းများ ချမှတ်ခြင်း၊ တိုင်ကြားနိုင်သည့် လမ်းကြောင်းများ ဖန်တီးပေးခြင်းနှင့် မိသားစုများက ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးခြင်းများ ပြုလုပ်ရန် ပညာရှင်များက တိုက်တွန်းထားကြောင်း သိရသည်။


