တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်မှုပမာဏသည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက် (ဇန်နဝါရီလမှ ဇွန်လအထိ) တွင် ယမန်နှစ် ကာလတူထက် ၈.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး စုစုပေါင်းတန်ဖိုး ယွမ် ၃.၇၈ ထရီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၅၅၆.၅၆ ဘီလီယံခန့်) ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ ကာလအတွင်း ခရီးသွားဝန်ဆောင်မှု ပို့ကုန်ပမာဏမှာ ၃၁.၁ ရာခိုင်နှုန်း (ယွမ် ၂၂၉.၂ ဘီလီယံ) အထိ မြင့်တက်ခဲ့ပြီး ထိပ်တန်း ပို့ကုန်အမျိုးအစား ၅ မျိုးတွင် အမြန်ဆုံး တိုးတက်မှုနှုန်း ဖြစ်ခဲ့သည်။ ထို့ပြင် ဗဟုသုတအခြေပြု ဝန်ဆောင်မှု ကုန်သွယ်မှုပမာဏသည်လည်း ၆.၇ ရာခိုင်နှုန်း (ယွမ် ၁.၆၆ ထရီလီယံ) တိုးတက်ခဲ့ရာ စုစုပေါင်း ဝန်ဆောင်မှု ကုန်သွယ်မှု၏ ၄၄ ရာခိုင်နှုန်းအထိ ပါဝင်ခဲ့သည်။ ယင်းအနက် ပုဂ္ဂိုလ်ရေးဆိုင်ရာ ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေး ဝန်ဆောင်မှု ပို့ကုန်မှာ ၅၇.၂ ရာခိုင်နှုန်းနှင့် ဉာဏပစ္စည်း အသုံးပြုခ သုံးစွဲမှုမှာ ၄၄.၃ ရာခိုင်နှုန်းစီ အသီးသီး မြင့်တက်ခဲ့သည်။သွင်းကုန်ပိုင်းတွင်မူ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု သွင်းကုန်ပမာဏသည် ယွမ် ၄၉၈.၁ ဘီလီယံရှိခဲ့ပြီး ၃၀.၄ ရာခိုင်နှုန်း တိုးတက်ခဲ့သဖြင့် ထိပ်တန်း သွင်းကုန်အမျိုးအစားများအနက် တိုးတက်မှုနှုန်း အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။


