ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဩဂုတ် ၁ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခဲ့သည့် နမ့်ယွန်းချောင်း၌ ယနေ့ ဩဂုတ် ၄ ရက် နံနက်ပိုင်းတွင် သဲနုန်းများ တူးဖော်ရှင်းလင်းခဲ့ကြောင်း သိရသည်။ မြို့တွင်း ရေစီးဆင်းမှု ကောင်းမွန်စေရန် မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများမှ စက်ယန္တရားများ အသုံးပြု၍ ပူးပေါင်းရှင်းလင်းခဲ့ကြခြင်းဖြစ်ပြီး မြို့မိမြို့ဖ အထောက်အကူပြုအဖွဲ့ကလည်း စက်သုံးဆီများ ထောက်ပံ့ပေးခဲ့သည်။ ယင်းနုန်းတူးဖော်ခြင်း လုပ်ငန်းသည် ယခုနှစ်အတွင်း တတိယအကြိမ်မြောက် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်ချောင်းများနှင့် ရေနုတ်မြောင်းများကိုလည်း ဆက်လက် ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။


