ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ရပ်ကွက်အချို့တွင် ပါဝါအိတ်ဇော တပ်ဆင်ထားသည့် ဆိုင်ကယ်များကို နေ့ရောညပါ ဆူညံစွာ မောင်းနှင်နေမှုများ များပြားလာသဖြင့် ဒေသခံများ နေ့စဉ် စိတ်အနှောင့်အယှက် ကြုံတွေ့နေရကြောင်း သိရသည်။အဆိုပါ ဆိုင်ကယ် စီးနင်းသူများမှာ အများအားဖြင့် ဆယ်ကျော်သက် လူငယ်များနှင့် အသက်မပြည့်သေးသည့် ကျောင်းသား/သူများ ဖြစ်ကြပြီး ပါဝါအိတ်ဇော တပ်ဆင်ခြင်းအပြင် ဘေးကြည့်မှန် မတပ်ဆင်ခြင်းနှင့် မီးဆန်းများ တပ်ဆင်၍ မောင်းနှင်နေကြသည်။ ယင်းသို့ ဆူညံစွာ မောင်းနှင်မှုများကြောင့် ညပိုင်း အိပ်ချိန်များ၌ လန့်နိုးခြင်း၊ အသံလန့်လွယ်သည့် ကလေးငယ်များအတွက် ထိတ်လန့်ရခြင်းနှင့် နှလုံးရောဂါအခံရှိသော သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေး ထိခိုက်မှု ဖြစ်မည်ကို စိုးရိမ်နေကြသည်။
ထို့ကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်စေပြီး အများပြည်သူအား အနှောင့်အယှက်ဖြစ်စေသည့် ပါဝါအိတ်ဇောတပ် ဆိုင်ကယ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာ ကြပ်မတ် အရေးယူပေးရန် ဒေသခံများက လိုလားလျက်ရှိကြသည်။


