မန္တလေးမြို့ရှိ ရပ်ကွက် ဓမ္မာရုံများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဝါတွင်းကာလ ဥပုသ်နေ့တိုင်း သီလပွဲများ ပြုလုပ်ရာ၌ ရပ်ကွက်အတွင်း ဆွမ်းကြီးခံ လှည့်လည် အလှူခံပေးမည့် လူငယ်များ နည်းပါးလာသဖြင့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။ပုံမှန်အားဖြင့် လူငယ်များက ဗျပ်ဆိုင်းများ ထမ်းပိုး၍ ဆွမ်းကြီးခံ လှည့်လည်ကြသော်လည်း ယခုနှစ်တွင် အခြေအနေ အမျိုးမျိုးကြောင့် လူငယ်များ နည်းပါးသွားသဖြင့် ကလေးသူငယ်၊ လူလတ်ပိုင်းနှင့် သက်ကြီးပိုင်းများကပါ ခက်ခက်ခဲခဲ ပါဝင် လုပ်ဆောင်နေကြရသည်။ ထို့ပြင် ကုန်ဈေးနှုန်း မြင့်မားမှုနှင့် ဝင်ငွေ နည်းပါးမှု အကြပ်အတည်းများကြောင့်လည်း သီလပွဲ ပြုလုပ်ရန် အပတ်စဉ် အလှူရှင် ရှာဖွေရသည်မှာ ယခင်ကထက် ပိုမို အခက်အခဲ ရှိလာကြောင်း ဒေသခံ ပရဟိတ အဖွဲ့များက ပြောဆိုထားသည်။


