မွန်ပြည်နယ်မှာ ဇူလိုင်လ နောက်ဆုံးအပတ်အတွင်း စက်သုံးဆီဈေးနှုန်း ထပ်မံမြင့်တက်လာခဲ့သလို စက်သုံးဆီ အရောင်းဆိုင် အများစုမှာလည်း ဆီပြတ်လပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စက်သုံးဆီ ဈေးနှုန်းဟာ ဇူလိုင် ၃၁ ရက်နေ့မှာတော့ အောက်တိန်း အမျိုးအစား ၉၂ ဓာတ်ဆီ တစ်လီတာကို ကျပ် ၂,၅၅၀ ကနေ ကျပ် ၃,၈၅၅ ၊ ၉၅ ဓာတ်ဆီ တစ်လီတာကို ကျပ် ၃,၆၃၅ ကနေ ကျပ် ၃,၉၄၀ ထိ တစ်လီတာကို ကျပ်၃,၀၀ ကျော် မြင့်တက်လာတာဖြစ်ကာ ပရီမီယံ အမျိုးအစား ဒီဇယ်ဆီ ဈေးနှုန်းကလည်း တစ်လီတာကို ကျပ် ၄,၅၉၅ ကနေ ကျပ် ၅,၀၉၅ ၊ ရိုးရိုး ဒီဇယ်ဆီ က တစ်လီတာကို ကျပ် ၄,၀၈၀ မှ ကျပ် ၄,၅၇၀ ထိ တစ်လီတာကို ကျပ် ၅၀၀ ဝန်းကျင် မြင့်တက်လာတာ ဖြစ်ပါတယ်။မုဒုံ ဒေသခံ တစ်ဦး ကတော့ စက်သုံးဆီ ဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ စက်သုံးဆီဆိုင်တွေက အလှည့်ကျ ပုံစံနဲ့ ရောင်းချ ပေးနေတာကြောင့် တန်းစီ ဝယ်ယူ နေရတယ်လို့ ပြောပါတယ်။
စက်သုံးဆီဆိုင်တွေမှာ လိုချင်တဲ့ စက်သုံးဆီ အမျိုးအစားကို ဝယ်ယူလို့ မရဘဲ ရှိတဲ့ စက်သုံးဆီတွေကိုသာ ဝယ်ယူ နေရတဲ့အပြင် စုံ၊မ စနစ်နဲ့ ရောင်းချ ပေးနေပေမယ့် သတ်မှတ်ထားတဲ့ လီတာအလိုက် မရောင်းချ ပေးဘဲ လျော့ချပြီး ရောင်းချ ပေးတာရှိတယ်လို့ သူက ဆက်ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ စက်သုံးဆီတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ဒုတိယပတ်က စတင်ကာ မွန်ပြည်နယ် အစိုးရရဲ့ စက်သုံးဆီ ထုတ်ယူခွင့် တင်းကျပ်မှု တွေကြောင့် တစ်ကျော့ပြန် စက်သုံးဆီ ပြတ်လပ်မှုတွေနဲ့ ပြန်လည် ကြုံတွေ့ နေရတာ ဖြစ်ပါတယ်။



