မန္တလေးမြို့နေ ပြည်သူလူထုအတွင်း အမှိုက် စနစ်တကျ စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပညာပေးအစီအစဉ် တစ်ရပ်ကို အပတ်စဉ် အင်္ဂါနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။အဆိုပါ အစီအစဉ်တွင် မြို့တွင်း လူစည်ကားရာ လမ်းနေရာများ၌ LED ဘုတ်များ တပ်ဆင်ထားသည့် မော်တော်ယာဉ်ဖြင့် ပညာပေးမည့်အပြင် စည်ပင်ဝန်ထမ်း လှပျိုဖြူများက အမှိုက်ကောက်ဟန် ပါဖောင့်မန့် (Performance) များဖြင့် သရုပ်ပြ တင်ဆက်သွားမည်ဖြစ်သည်။ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီတွင် ကျုံးအရှေ့တောင်ထောင့် (၂၆ လမ်းနှင့် ၆၆ လမ်းထောင့်) ၌ အမှိုက်စွန့်ပစ်မှု ပညာပေးအစီအစဉ်ကို စတင်ပြုလုပ်မည်ဖြစ်ပြီး ဖိုးသောကြာ၊ ရဲထွဋ်ကျော်၊ မယ်လိုဒီ၊ ထွန်းရတီ စသည့် နိုင်ငံကျော် အနုပညာရှင်များက ပါဝင်ဖျော်ဖြေကြမည် ဖြစ်သည်။ အဆိုပါ အစီအစဉ်တွင် အမှိုက်များကို အရောင်အလိုက် သတ်မှတ်ထားသည့် အမှိုက်ပုံးများအတွင်း ခွဲခြားစွန့်ပစ်တတ်စေရန် လက်တွေ့ ပြသပေးသွားမည်ဖြစ်ကာ မြို့နေပြည်သူများက ကြိုဆိုကြပြီး ရပ်ကွက်များအတွင်း သို့လည်း အမှိုက်ကားများ ပုံမှန်လာရောက် သိမ်းဆည်းပေးရန် လိုလားနေကြကြောင်း သိရသည်။
Jul 28 • 3:39 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 20 | 0 | 0 | 0 |


