မလေးရှားနိုင်ငံအတွင်းရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅,၀၀၀ ခန့်ကို မလေးရှား ရေတပ်သင်္ဘောများဖြင့် နေရပ်သို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေပြီး မြန်မာဘက်မှ လက်ခံမည့် အခြေအနေပေါ် မူတည်ကြောင်း မလေးရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ ထို့အပြင် မလေးရှားအစိုးရသည် ဒုက္ခသည် စီမံခန့်ခွဲမှုစနစ် ပြင်ဆင်ရန်အတွက် UNHCR ၏ ဒုက္ခသည်အသစ် မှတ်ပုံတင်ခြင်းများကို ယာယီရပ်ဆိုင်းထားပြီး လက်ရှိ မလေးရှားတွင် UNHCR စာရင်းဝင် ၂၁၅,၀၀၀ ကျော်ရှိရာ အများစုမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။ ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား ၈၀၀ နီးပါးကို ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။



