ဧရာဝတီတိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများ တစ်လီတာလျှင် ကျပ် ၅,၀၀၀ ကျော်အထိ ထိုးတက်သွားခြင်းကြောင့် ပင်လယ်ပြင်ထွက် ငါးဖမ်းစက်လှေ အများစု မထွက်နိုင်ဘဲ ရပ်နားထားရသဖြင့် ငါးနှင့် ပင်လယ်စာဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။ ဈေးကွက်အတွင်း ပြည်ကြီးငါး တစ်ပိဿာလျှင် ကျပ် ၁၀ဝ,၀ဝ၀ ဝန်းကျင်၊ ဂဏန်းနှင့် ပုစွန်များမှာ ကျပ် ၅၀,၀၀၀ မှ ကျပ် ၁၀ဝ,၀ဝ၀ ဝန်းကျင်နှင့် အခြားငါးများမှာလည်း ကျပ် ၅,၀၀၀ မှ ကျပ် ၂၀,၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်သွားခဲ့သည်။ စက်သုံးဆီ ဈေးနှုန်းများမှာ နယ်ဒေသ ပြင်ပမှောင်ခိုဈေးကွက်၌ ၁ လီတာလျှင် ကျပ် ၅,၅၀၀ အထိ ရှိနေပြီး ပုသိမ်မြို့ပေါ် တန်းစီဆိုင်များ၌ 92 တစ်လီတာလျှင် ကျပ် ၃,၆၀၀ ဖြင့် ရောင်းချသော်လည်း ကန့်သတ်ချက်ဖြင့်သာ ဝယ်ယူရရှိသည်။စက်သုံးဆီ အရောင်းဆိုင်များတွင် ခွဲတမ်း လျှော့ချရောင်းချခြင်းနှင့် အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် စွမ်းအင်ဈေးနှုန်း ရိုက်ခတ်မှုများရှိနေ၍ နယ်ဒေသရှိ လယ်ယာနှင့် ရေလုပ်ငန်းလုပ်ကိုင်သူများမှာ ပြင်ပဈေးနှုန်းဖြင့် ဝယ်ယူနေရသဖြင့် အခက်တွေ့နေကြရသည်။ ငွေဆောင်၊ ချောင်းသာနှင့် ဖျာပုံမြို့နယ်များရှိ ငါးဖမ်းလှေ အများစု ရပ်နားထားရသဖြင့် ငါးရရှိမှု နည်းပါးကာ စားသောက်ဆိုင်နှင့် အိမ်ချက်ထမင်း ရောင်းသူများပါ တစ်ဦးစာ ဈေးနှုန်းများကို ကျပ် ၂၅,၀၀၀ မှ ကျပ် ၃၀,၀၀၀ အထိ တိုးမြှင့်ရောင်းချနေရကြောင်း သိရသည်။
Jul 27 • 3:54 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 17 | 0 | 0 | 0 |


