ဗီယက်နမ်နိုင်ငံ၊ ခန့်ဟိုအာ (Khanh Hoa) ပြည်နယ်၊ ညာထရန်းမြို့ (Nha Trang) ရှိ Hon Chong ကမ်းခြေဧရိယာတွင် ရှားပါးမျိုးစိတ်များ ပါဝင်သည့် သန္တာမျိုးစိတ် ၆၂ မျိုးခန့် တည်ရှိနေပြီး အဆိုပါ ၄ ဒသမ ၈ ဟက်တာခန့် ကျယ်ဝန်းသော သန္တာကျောက်တန်းများသည် သဘာဝအတိုင်း ပျက်စီးမှုမရှိသေးဘဲ ကျန်ရှိနေသည့်အတွက် အထူးထိန်းသိမ်းရေး ဇုန်အဖြစ် သတ်မှတ်ထားသည်။ သို့သော်လည်း လတ်တလောတွင် ကမ်းခြေသို့ လာရောက်လည်ပတ်သူ အပန်းဖြေခရီးသွားများက သန္တာကျောက်တန်း ၁၀ ဒသမ ၅ ကီလိုဂရမ်ကျော်ကို ချိုးဖဲ့ဖျက်ဆီးခဲ့သဖြင့် တာဝန်ရှိသူများက ပြစ်မှုကျူးလွန်သူနှစ်ဦးအား ဗီယက်နမ်ဒေါင် ၂၅ သန်း (အမေရိကန်ဒေါ်လာ ၉၅၀ ခန့်) စီ ဒဏ်ရိုက်အရေးယူခဲ့သည်။
ညာထရန်းပင်လယ်ကွေ့ စီမံခန့်ခွဲရေးအဖွဲ့သည် ဒီရေကျချိန်များတွင် သန္တာကျောက်တန်းများ ပျက်စီးမှုကို တားဆီးနိုင်ရန် မေလမှ သြဂုတ်လအထိ အဆိုပါ ဧရိယာအတွင်း သွားလာလှုပ်ရှားမှုများကို ယာယီကန့်သတ်ထားပြီး သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ကင်းလှည့်စစ်ဆေးခြင်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ သို့သော် နွေရာသီ ခရီးသွားရာသီတွင် လာရောက်သူ များပြားလွန်းခြင်းနှင့် ဝန်ထမ်းအင်အား နည်းပါးခြင်းတို့ကြောင့် သန္တာကျောက်တန်းများ စနစ်တကျ ကာကွယ်ရေးအတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။


