မလေးရှားနိုင်ငံ မိုးလေဝသဌာန (MetMalaysia) သည် ကက်ဒါ (Kedah)၊ ပီနန်း (Penang)၊ ပီရတ် (Perak)၊ ဂျိုဟိုး (Johor) နှင့် ဆာဘား (Sabah) ပြည်နယ်တို့အပါအဝင် ဒေသအများအပြား၌ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်း ယနေ့နံနက်ပိုင်းတွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ သတိပေးချက်တွင် ကက်ဒါပြည်နယ်မှ မြို့နယ်အများအပြား၊ ပီနန်းပြည်နယ်တစ်ခုလုံး၊ ပီရတ်ပြည်နယ် မြောက်ပိုင်းဒေသများ၊ ပဟန်းပြည်နယ် ရွန်ပင် (Rompin) ဒေသ၊ ဂျိုဟိုးပြည်နယ် တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများအပြင် ဆာဘားပြည်နယ် ဆန်ဒကန် (Sandakan) နှင့် ကူဒတ် (Kudat) ခရိုင်တို့ ပါဝင်သည်။
မလေးရှားနိုင်ငံ မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ တစ်နာရီလျှင် မိုးရေချိန် ၂၀ မီလီမီတာထက်ပို၍ မိုးရွာသွန်းနိုင်ခြေရှိပြီး တစ်နာရီထက်ပို၍ ဆက်လက်ဖြစ်ပေါ်နိုင်သည့် လက္ခဏာများတွေ့ရှိရသဖြင့် ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ မိုးသက်လေပြင်း သတိပေးချက်များသည် ထုတ်ပြန်သည့်အချိန်မှစ၍ အများဆုံး ၆ နာရီအထိသာ အကျုံးဝင်သည့် ရေတိုသတိပေးချက်များဖြစ်သဖြင့် သက်ဆိုင်ရာ ဒေသခံများအနေဖြင့် ဘေးအန္တရာယ် ကင်းဝေးစေရန် သတိပြုနေထိုင်ကြရန်လည်း တိုက်တွန်းထားသည်။


