ဗီယက်နမ် အမျိုးသားလေကြောင်းလိုင်း (Vietnam Airlines) သည် ယခုနှစ် နွေရာသီ ပြည်တွင်းခရီးသွား အများဆုံးကာလအတွင်း တိုးတက်လာသော ခရီးသည်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဖိလစ်ပိုင်အခြေစိုက် Cebu Pacific လေကြောင်းလိုင်းထံမှ Airbus A320 အမျိုးအစား ဂျက်လေယာဉ်များကို စက်အဖွဲ့သား၊ လေယာဉ်နှင့် ပြုပြင်ထိန်းသိမ်းမှုများပါဝင်သည့် Wet-lease စနစ်ဖြင့် ငှားရမ်းပြေးဆွဲရန် သဘောတူညီချက် ရရှိခဲ့သည်။ ဤငှားရမ်းမှုသည် ကမ္ဘာလုံးဆိုင်ရာ လေယာဉ်အင်ဂျင် ပြုပြင်ထိန်းသိမ်းမှု ကြန့်ကြာနေခြင်းကြောင့် ကြုံတွေ့နေရသည့် လေယာဉ်မလုံလောက်မှု ပြဿနာကို ဖြေရှင်းရန်နှင့် ခရီးစဉ်များ ဖျက်သိမ်းရမှုကို ကာကွယ်ရန်ဖြစ်သည်၊၊
Wet-lease စနစ်အရ Cebu Pacific သည် လေယာဉ်များသာမက လေယာဉ်မှူးများနှင့် လေယာဉ်အဖွဲ့သားများကိုပါ တာဝန်ယူပေးအပ်သွားမည်ဖြစ်သည်။ Vietnam Airlines အနေဖြင့် ဤငှားရမ်းထားသော လေယာဉ်များကို ဟနွိုင်း၊ ဟိုချီမင်းစီးတီး၊ ဒါနန်းနှင့် ဖူးကွက် (Phu Quoc) ကဲ့သို့သော ပြည်တွင်းခရီးစဉ် ရေပန်းအစားဆုံး မြို့ကြီးများအကြား တိုးမြှင့်ပြေးဆွဲပေးသွားမည်ဖြစ်သည်။ လေကြောင်းလိုင်း အာဏာပိုင်များ၏ အဆိုအရ ဤလုပ်ဆောင်ချက်သည် လက်မှတ်စျေးနှုန်းများ အလွန်အမင်း မြင့်တက်သွားခြင်းကို ထိန်းညှိပေးနိုင်မည်ဖြစ်ပြီး ခရီးသွားပြည်သူများအတွက် ခရီးစဉ်ရွေးချယ်မှုများကို ပိုမိုအဆင်ပြေချောမွေ့စေမည်ဟု သိရသည်။


