ရှမ်းပြည်နယ် (တောင်ပိုင်း) မှ ထွက်ရှိသည့် မုန်ညှင်းဖြူဈေးကွက်အတွင်း ဝယ်ယူသူမရှိသလောက် နည်းပါးကာ ဈေးနှုန်းများလည်း ဆက်တိုက်ကျဆင်းနေသဖြင့် စိုက်ပျိုးတောင်သူများ အခက်အခဲကြုံတွေ့ကာ အရှုံးပေါ်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။မုန်ညှင်းဖြူဈေးနှုန်း ကျဆင်းလာနေသည်မှာ တစ်လနီးပါးခန့် ရှိနေပြီဖြစ်ကာ ဇူလိုင်လအစောပိုင်းက မုန်ညှင်းဖြူတစ်အိတ်လျှင် ကျပ် ၁၅,၀၀၀ မှ ၂၅,၀၀၀ အထိ ပေါက်ဈေးရှိခဲ့သော်လည်း လက်ရှိတွင် တစ်အိတ်လျှင် ကျပ် ၅,၀၀၀ ခန့်သာ ရှိတော့သည်။ ယခင်က တစ်ပိဿာလျှင် ကျပ် ၁,၅၀၀ ဝန်းကျင်အထိ ရရှိခဲ့ရာမှ လက်ရှိတွင် တစ်ပိဿာလျှင် ကျပ် ၇၀၀ အထိသာ ရောင်းချရပြီး ဝယ်ယူသူလည်း မရှိသလောက် နည်းပါးနေခြင်း ဖြစ်သည်။ရွာငံမြို့နယ်မှ မုန်ညှင်းဖြူစိုက်ပျိုးတောင်သူတစ်ဦးက ၎င်းတို့တစ်ရွာလုံး အရှုံးပေါ်နေပြီး စိုက်ပျိုးသည့် ကိုယ်ပိုင်လုပ်အားခပါ ဆုံးရှုံးနေရကြောင်း၊ လက်ရှိဈေးနှုန်းမှာ ကုန်တင်ကားခပင် ပြန်မရဘဲ ထပ်မံအရှုံးပေါ်မည်ကို စိုးရိမ်ရသဖြင့် ဈေးကွက်သို့ သွားရောက်မရောင်းချဖြစ်တော့ကြောင်း ပြောကြားသည်။ ယခုကဲ့သို့ တွက်ခြေမကိုက်သည့် ဈေးနှုန်းဖြစ်နေခြင်းကြောင့် တောင်သူများအနေဖြင့် ရှေ့ဆက်ရန် အထူးအခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။



