အင်္ဂလန်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က အာဂျင်တီးနားအသင်းကို အရေးနိမ့်ခဲ့သည့် ဆီမီးဖိုင်နယ်ပွဲစဉ်မှ နည်းဗျူဟာပိုင်း ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဝေဖန်မှုများကို ကာကွယ်ပြောဆိုလိုက်ကြောင်း သိရသည်။ ထိုပွဲတွင် အင်္ဂလန်အသင်းသည် ၁ ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နေချိန်၌ အလွန်အမင်း ခံစစ်ပိတ်ကစားခဲ့ခြင်းကြောင့် ပြစ်တင်ဝေဖန်ခံခဲ့ရခြင်း ဖြစ်ပြီး၊ တူဟယ်လ်က တစ်စုံတစ်ယောက်ကို အပြစ်တင်မည်ဆိုပါက မိမိကသာ တာဝန်ယူမည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။၎င်းက ရှုံးပွဲအတွက် နောင်တမရသော်လည်း အသင်းအနေဖြင့် စိတ်ဒဏ်ရာအမာရွတ်တစ်ခု ထမ်းပိုးလိုက်ရပြီဖြစ်ကာ ပွဲချိန်နောက်ဆုံးမိနစ်များတွင် ပြုသမျှနုခဲ့ရကြောင်း ဝန်ခံသုံးသပ်ခဲ့သည်။ အင်္ဂလန်အသင်းသည် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်ရောက်ရန် မိနစ်ပိုင်းအလိုအထိ အခွင့်အရေးရှိခဲ့သော်လည်း လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။ နည်းပြတူဟယ်လ်က မိမိတို့အသင်းအနေဖြင့် ထိပ်တန်းအသင်းများနှင့် ကွာခြားမှုရှိနေသေးပြီး ယင်းခြားနားချက်ကို ကျဉ်းမြောင်းသွားစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ကြုံးဝါးခဲ့ကြောင်း သိရသည်။



