ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊တပ်ကုန်းရပ်ကွက်၊ ရာဒါကောင်(B)မှာ မနေ့က နေ့လယ် (၁)နာရီခန့်က ခြင်ဆေးခွေထွန်းထားရာမှ တစ်ဆင့် နေအိမ်မီးလောင်ကျွမ်းခဲ့ပါတယ်။တပ်ကုန်းရပ်ကွက်၊ ရာဒါကောင်(B)ရှိ နေအိမ်တစ်လုံးမှာ အိမ်ရှိနေထိုင်သူများ အပြင်သို့ရောက်နေစဉ် နေအိမ်ရဲ့ အပေါ်ထပ်အိပ်ခန်းအတွင်းရှိ အဝတ်အစားပုံအနီးမှာ ထွန်းထားတဲ့ ခြင်ဆေးခွေကနေ မီးစများ အဝတ်အစားပုံပေါ်သို့ ကျရောက်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အနီးအနားရှိဒေသခံတစ်ဦးကပြောပါတယ်။မီးလောင်ရာကို မြစ်ကြီးနားခရိုင်မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်(၂၃)ဦး၊ အရန်(၁၀)ဦး၊ စုစုပေါင်း(၃၃)ဦးနှင့် မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ စုစုပေါင်း(၂)စီးတို့သွားရောက် ငြိမ်းသတ်ခဲ့ကြပြီး မိနစ်(၂၀)ခန့်ကြာ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရပါတယ်။



