ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဆီနာခရိုင်အတွင်းရှိ လမ်းဘေးတစ်ခုတွင် ပစ်ကပ်ကားတစ်စီး၏ တိုက်မိခြင်းကို ခံရပြီး အသက်ရှူရပ်သွားသည့် ကြောင်တစ်ကောင်ကို ရူအမ်ကာတာညုဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးစေတနာ့ဝန်ထမ်း နှစ်ဦးက မိနစ် ၃၀ ခန့် စိတ်ရှည်လက်ရှည် CPR (နှလုံးအသက်ရှူကူညီခြင်း) ပြုလုပ်ပေးကာ အသက်ပြန်ရှင်လာအောင် အံ့ဖွယ်ကယ်တင်ပေးခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေးဝန်ထမ်းများဖြစ်ကြသည့် ကန်သာရတ်နှင့် ဝတ်ချရာပွန်တို့သည် ကားတိုက်ခံရသည့် ကြောင်လေးအား လမ်းပေါ်မှ ဖယ်ရှားရန် သွားရောက်စဉ် ခန္ဓာကိုယ်နွေးနေသေးသည်ကို သတိပြုမိသဖြင့် ချက်ချင်း ရှေးဦးသူနာပြုစုခြင်းနှင့် နှလုံးဖိပေးခြင်းတို့ကို အလှည့်ကျ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။၎င်းနောက် အဆိုပါကြောင်လေးကို တိရစ္ဆာန်ဆေးရုံသို့ ပို့ဆောင်ကုသစေခဲ့ပြီး အသက် ၄၇ နှစ်အရွယ်ရှိ ပွန်ကာမွန် ဆိုသူ အမျိုးသမီးက မွေးစားခဲ့သည်။ တိရစ္ဆာန်ဆေးကုဆရာဝန်၏ စောင့်ရှောက်မှုအောက်တွင် ပထမဆုံးညကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် အသက် ၂ နှစ်အရွယ် အဆိုပါ ကြောင်ထီးလေးမှာ တဖြည်းဖြည်း သတိပြန်လည်ကာ လမ်းပြန်လျှောက်နိုင်သည့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ မွေးစားသူက ၎င်းကြောင်လေးအား ဘေးဆိုးမှ ကံကောင်းစွာ အသက်ရှင်ကျန်ရစ်ခဲ့ခြင်းကို အစွဲပြု၍ "ဘွန်ရော့ဒ်" (ကံထူး၍ အသက်ရှင်ကျန်ရစ်သူ) ဟု အမည်ပေးခဲ့ပြီး၊ တိရစ္ဆာန်လေးတစ်ကောင်၏ အသက်ကို စေတနာရှေ့ထား ကယ်တင်ခဲ့သည့် ကယ်ဆယ်ရေးဝန်ထမ်းနှစ်ဦး၏ ရုပ်သံဖိုင်မှာလည်း လူမှုကွန်ရက်ပေါ်တွင် ချီးကျူးမှုများ ကျယ်ကျယ်လောင်လောင် ရရှိနေသည်။
ထိုင်းနိုင်ငံတွင် ကားတိုက်ခံရ၍ အသက်ရှူရပ်သွားသည့် ကြောင်လေးကို CPR နည်းဖြင့် အံ့ဖွယ်အသက်ကယ်တင်နိုင်ခဲ့
Jul 17 • 1:58 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


