တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနတို့ ပူးတွဲ၍ ပြည်နယ်အဆင့်ဒေသ ၁၀ ခုတွင် ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနှင့် တိုင်ဖွန်းမုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဗဟိုသဘာဝဘေးအန္တရာယ် သက်သာလျော့ပါးရေး ရန်ပုံငွေမှ ယွမ် သန်း ၄၃၀ (အမေရိကန်ဒေါ်လာ ၆၃ သန်းခန့်) လျာထားသတ်မှတ်လိုက်ကြောင်း ဇူလိုင်လ ၁၄ ရက်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ ရန်ပုံငွေများအနက် တောင်ပိုင်း ကွမ်ရှီးဒေသအတွက် ယခင်ခွဲဝေပြီးသား ယွမ် သန်း ၁၉၀ အပြင် ထပ်တိုးအနေဖြင့် ယွမ် သန်း ၁၅၀ အား ဘေးသင့်ပြည်သူများ နေရာချထားရေး၊ ယာယီနေထိုင်မှုနှင့် နေအိမ်များ ပြန်လည်ပြင်ဆင်ရေးတို့အတွက် အသုံးပြုမည်ဖြစ်သည်။ ကျန်ရှိသော ယွမ် သန်း ၂၈၀ ကို ကျဲ့ကျန်း၊ ဟဲပေ၊ လျောင်နင်၊ ထျန်းကျင်း၊ ဟေးလုံကျန်း၊ ကျန်းဆူး၊ အန်းဟွေး၊ ကျန်းရှီးနှင့် စီချွမ်း စသည့် ကျန်ဒေသ ၉ ခုတွင် ရှာဖွေကယ်ဆယ်ရေး၊ ဘေးလွတ်ရာ ရွှေ့ပြောင်းရေးနှင့် နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ် စစ်ဆေးဖယ်ရှားရေး လုပ်ငန်းများအတွက် ခွဲဝေပံ့ပိုးကာ ဆုံးရှုံးမှုများကို အတတ်နိုင်ဆုံး သက်သာလျော့ပါးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။



