ထိုင်းနိုင်ငံဘက်မှ စက်သုံးဆီတင်သွင်းမှုတွင် သယ်ယူပို့ဆောင်ရေး အခက်အခဲများ ယာယီဖြစ်ပေါ်နေသဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရန် ဇူလိုင် ၁၅ ရက်မှစ၍ နေ့စဉ် နံနက် ၇ နာရီမှ နေ့လယ် ၁၂ နာရီအထိ ယာဉ်အမျိုးအစားအလိုက် ယာယီအကန့်အသတ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ရောင်းချရာတွင် ကားတစ်စီးလျှင် ထိုင်းဘတ် ၅၀၀ ဖိုး၊ ဆိုင်ကယ်တစ်စီးလျှင် ၅၀ ဖိုးနှင့် သုံးဘီးတစ်စီးလျှင် ၁၀၀ ဖိုးအထိသာ ကန့်သတ်ရောင်းချပေးမည်ဖြစ်ပြီး၊ ပြည်သူများအနေဖြင့် ဆီများကို အလွန်အကျွံ သိုလှောင်ဝယ်ယူခြင်းမပြုရန်နှင့် စနစ်တကျ ခွဲဝေရောင်းချမှုအပေါ် ပူးပေါင်းလိုက်နာကြရန် တိုက်တွန်းထားသည်။


