ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် DEMU ရထားတွဲဆိုင်းများ မကြာမီ မြန်နှုန်းမြှင့် ပြေးဆွဲတော့မည်ဖြစ်ရာ လမ်းဘေးတစ်လျှောက် နေထိုင်သူများနှင့် ဖြတ်သန်းသွားလာသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် တရားမဝင် လမ်းကူး (Level Crossing) များနှင့် မီးရထားပိုင်မြေအတွင်း ကျူးကျော်နေထိုင်မှုများကို ဖယ်ရှားရှင်းလင်းရန် ညှိနှိုင်းဆွေးနွေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါ လုပ်ငန်းစဉ်များအတွက် ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။အစည်းအဝေးတွင် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ရထားများ မြန်နှုန်းမြှင့် ပြေးဆွဲပါက တရားမဝင် လမ်းကူးများနှင့် မီးရထားနယ်မြေအတွင်း ကျူးကျော်မှုများသည် အလွန်အန္တရာယ်ရှိသဖြင့် ပိတ်သိမ်းရှင်းလင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ထို့ပြင် ပိတ်သိမ်းရန် မဖြစ်နိုင်သော လမ်းကူးများကိုမူ အချင်းချင်း ပေါင်းစပ်ခြင်း သို့မဟုတ် ဂိတ်တံခါးဖွင့်/ပိတ်စနစ်ဖြင့် စနစ်တကျ ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်သည်။ ဒါးပိန်-အင်းတိုင်-လှေလှော်အင်း ရထားလမ်းပိုင်း အပါအဝင် ရထားလမ်းဘေးရှိ တရားမဝင်ကျူးကျော်များကို ဖယ်ရှားရှင်းလင်းပြီးပါက မြန်မာ့မီးရထားမှ ခြံစည်းရိုးကာရံခြင်းနှင့် တားမြစ်ဆိုင်းဘုတ် စိုက်ထူခြင်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


