ထိုင်းနိုင်ငံ၊ အယုဒ္ဓယ၊ ချွန်ပွန်းနှင့် တာ့ခ်ခရိုင်တို့တွင် တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၃၄ ဦးနှင့် ၎င်းတို့အား သယ်ဆောင်လာသည့် ကူညီပေးသူ ထိုင်းနိုင်ငံသား ၄ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းအဝေးပြေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ဇူလိုင်လ ၁၄ ရက်နေ့က အယုဒ္ဓယခရိုင် အဝေးပြေးလမ်းမကြီးအမှတ် (၁) ပေါ်တွင် စရပူရီခရိုင်ဘက်မှ မသင်္ကာဖွယ် မောင်းနှင်လာသည့် မှန်အမည်းရောင်ကပ် ကား ၃ စီးကို ရပ်တန့်စစ်ဆေးရာမှ ကားအတွင်း ပြွတ်သိပ်လိုက်ပါလာသော တရားမဝင် မြန်မာနိုင်ငံသား ၂၂ ဦးနှင့် ထိုင်းနိုင်ငံသား ယာဉ်မောင်း ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားများသည် မဲဆောက်မြို့နယ်ရှိ သဘာဝတောလမ်းများမှတစ်ဆင့် ခိုးဝင်လာခဲ့ကြခြင်းဖြစ်ပြီး ဘန်ကောက်နှင့် အတွင်းပိုင်းခရိုင်များသို့ သွားရောက်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိ ပေးချေခဲ့ရကြောင်း ဝန်ခံထွက်ဆိုထားသဖြင့် ၎င်းတို့အား ဝမ်နွိုင်းရဲစခန်းသို့ လွှဲပြောင်းကာ အမှုဖွင့်ထားသည်။အလားတူ ထိုနေ့တွင်ပင် ချွန်ပွန်းခရိုင်၊ မောင်းမြို့နယ် အဝေးပြေးလမ်းမကြီးအမှတ် (၄၁) ပေါ်၌ လမ်းစည်းကမ်းဖောက်ဖျက်သဖြင့် တားဆီးစစ်ဆေးခံရသော ခရီးသည်တင် မှန်လုံကားကြီးတစ်စီးပေါ်မှ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၀ ဦးနှင့်အတူ ကူညီသယ်ဆောင်လာသူ ထိုင်းနိုင်ငံသား ၃ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့ကို စမွတ်စခွန်ခရိုင်နှင့် စမွတ်စုန်ခရမ်ခရိုင်တို့မှတစ်ဆင့် စူရတ်ဌာနီခရိုင်သို့ ပို့ဆောင်ရန် ဘတ် ၁၂,၀၀၀ ဖြင့် သယ်ဆောင်လာခြင်းဖြစ်ပြီး လက်ရှိတွင် ဘန့်ဝိဆိုင်နွဲ့ရဲစခန်း၌ အမှုဖွင့် အရေးယူထားသည်။ထို့ပြင် ဇူလိုင်လ ၁၂ ရက်ကလည်း တာ့ခ်ခရိုင်၊ မဲဆောက်မြို့ပေါ်ရှိ နေရာအချို့တွင် တရားမဝင် ဝင်ရောက်နေထိုင်နေသည့် အသက် ၅၀ နှင့် ၆၀ အရွယ် မြန်မာအမျိုးသား ၂ ဦးကို ထိုင်းအာဏာပိုင်များက ထပ်မံဖမ်းဆီးခဲ့ပြီး ၎င်းတို့အား မြန်မာနိုင်ငံ၊ မြဝတီမြို့သို့ ပြန်လည်နှင်ထုတ်ရန် စီစဥ်လျက်ရှိကြောင်း သိရသည်။
Jul 15 • 1:51 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


