စပ်မျိုးဝါ F2 မျိုးစေ့များကို ဖြန့်ဖြူးရောင်းချခြင်းနှင့် အသုံးပြုစိုက်ပျိုးခြင်းများ မပြုလုပ်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဝါမျိုးစေ့ထုတ်လုပ်ရောင်းချသူများနှင့် ဝါစိုက်တောင်သူများကို သတိပေးထုတ်ပြန်ထားသည်။စပ်မျိုးဝါ F2 မျိုးများကို စိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းမှုမရှိနိုင်သည့်အပြင် မျိုးစေ့ဥပဒေ (၂၀၁၅) အရလည်း မှတ်ပုံတင်ထားခြင်းမရှိသော မျိုးစေ့များကို ရောင်းချခြင်းမပြုရန် တားမြစ်ထားသည်။ သို့ဖြစ်ရာ အရည်အသွေးမီပြီး အထွက်နှုန်းကောင်းမွန်သည့် စပ်မျိုးဝါစိုက်ပျိုးနိုင်ရေးအတွက် စပ်မျိုး F1 အဆင့်မျိုးစေ့ကိုသာ ဖြန့်ဖြူးရောင်းချရမည်ဖြစ်သည်။စပ်မျိုး F1 မှ ထွက်ရှိလာသည့် F2 အဆင့်မျိုးစေ့များကို ပြန်လည်ရောင်းချခြင်းမပြုရန် မျိုးစေ့ထုတ်လုပ်သူများကို ညွှန်ကြားထားပြီးဖြစ်သကဲ့သို့ တောင်သူများအနေဖြင့်လည်း ယင်း F2 မျိုးစေ့များကို ထပ်မံစိုက်ပျိုးခြင်းမပြုရန် အသိပညာပေးမှုများ ဆောင်ရွက်ထားပြီးဖြစ်သည်။ လက်ရှိတွင် ဝါစိုက်တောင်သူများအတွက် လိုအပ်သော စက်ယန္တရားများကိုလည်း စက်မှုလယ်ယာဦးစီးဌာနက ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။



