ထိုင်းနိုင်ငံ၏ စီးပွားရေးကဏ္ဍ ထိခိုက်မှုများကို လျှော့ချရန်နှင့် လုပ်သားလိုအပ်ချက် ဖြည့်ဆည်းရန်အတွက် မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သားများ၏ အလုပ်လုပ်ခွင့်သက်တမ်းကို ၂၀၂၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ နောက်ထပ် ၁ နှစ် ထပ်မံတိုးမြှင့်ပေးရန် ထိုင်းအစိုးရအဖွဲ့က ယနေ့ (ဇူလိုင် ၁၄ ရက်) တွင် အတည်ပြုလိုက်ကြောင်း သိရသည်။ ပတ်စ်ပို့နှင့် သက်ဆိုင်ရာစာရွက်စာတမ်းများ အချိန်မီမပြုလုပ်နိုင်ခြင်းကြောင့် တရားမဝင်ဖြစ်သွားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော လုပ်သားများအတွက် ယခုကဲ့သို့ သက်တမ်းတိုးမြှင့်ပေးခဲ့ခြင်းဖြစ်ပြီး၊ ပတ်စ်ပို့မရရှိသေးသည့် လုပ်သားများ တရားဝင်ဆက်လက်လုပ်ကိုင်နိုင်ရန် ယာယီအလုပ်လုပ်ခွင့် သက်သေခံကတ်ပြား (Form BT. 62) ကို ထုတ်ပေးသွားမည်ဖြစ်ကာ သတ်မှတ်ချက်များအတိုင်း စနစ်တကျသက်တမ်းတိုးကြရန် ထိုင်းအလုပ်အကိုင်ဦးစီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။



