အသက် ၂၁ နှစ်အရွယ် တရုတ်ကျောင်းသူတစ်ဦးသည် နိုင်ငံဖြတ်ကျော် ကျားဖြန့်ဂိုဏ်း၏ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးချုပ်ကိုင်မှုကို ခံရပြီး ၎င်းကိုယ်တိုင် ကြိုးတုပ်ဒဏ်ရာရဟန်ဆောင်သည့် ဗီဒီယိုဖိုင်ဖြင့် ဟောင်ကောင်ရှိ မိဘများထံမှ ဟောင်ကောင်ဒေါ်လာ ၃ သန်း (ထိုင်းဘတ် ၁၂ သန်းခွဲခန့်) ပြန်ပေးငွေ လိမ်လည်တောင်းခံခဲ့သည့် ဖြစ်စဉ်တစ်ခု ထိုင်းနိုင်ငံ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် မေလကလည်း ယင်းဂိုဏ်းထံ ဘတ် ၃ သန်းနီးပါး ပေးခဲ့ဖူးသည့် မိဘများက ယခုတစ်ကြိမ်တွင် လှည့်ကွက်ဖြစ်နိုင်သည်ဟု သံသယရှိသဖြင့် ဟောင်ကောင်ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ရာမှတစ်ဆင့် ထိုင်းရဲတပ်ဖွဲ့က စုံစမ်းကူညီခဲ့ခြင်းဖြစ်သည်။ စုံစမ်းချက်အရ ၎င်းကျောင်းသူသည် ဇွန်လ ၁ ရက်တွင် ဘန်ကောက်သို့ ရောက်ရှိလာပြီး ဟိုတယ်တစ်ခု၌ ကြိုးနှင့် ကေဘယ်လ်တိုက်ကြိုးများကို ကိုယ်တိုင်ဝယ်ယူကာ ပြန်ပေးဆွဲခံရဟန်ဆောင်သည့် ဗီဒီယိုရိုက်ကူး၍ ဂိုဏ်းထံ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၃ ရက် (အင်္ဂါနေ့) တွင် စမွတ်ပရာကန်ခရိုင်ရှိ ဟိုတယ်တစ်ခု၌ ၎င်းကျောင်းသူ ကျားဖြန့်ဂိုဏ်းနှင့် ဗီဒီယိုဖုန်းကောလ် ပြောဆိုနေဆဲအချိန်တွင် အချိန်မီ ကယ်ဆယ်နိုင်ခဲ့ပြီး၊ ဟောင်ကောင်မှ ချက်ချင်းလိုက်လာသည့် မိဘများနှင့်အတူ ပြန်လည်စေလွှတ်ခဲ့ကာ ကျားဖြန့်ဂိုဏ်းကိုမူ ဆက်လက်စုံစမ်းနေကြောင်း သိရသည်။
Jun 05 • 10:49 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


