ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားသည့် "ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့" ဖြစ်သော မေလ ၃၁ ရက်တွင် ဂျပန်နိုင်ငံရှိ ကျန်းမာရေးကျွမ်းကျင်သူများက ဆေးလိပ်ဘူးခွံများပေါ်၌ ဆေးလိပ်သောက်ခြင်း၏ အန္တရာယ်ကို ဖော်ပြသည့် သတိပေးရုပ်ပုံများ မဖြစ်မနေ ထည့်သွင်းရန် အစိုးရကို တိုက်တွန်းလိုက်သည်။ ကမ္ဘာ့နိုင်ငံအများအပြားတွင် ပျက်စီးနေသော အဆုတ်ပုံကဲ့သို့ သတိပေးရုပ်ပုံများ သုံးစွဲနေသော်လည်း ဂျပန်တွင်မူ စာသားဖြင့်သာ ဖော်ပြသည့်စနစ်ကို သုံးစွဲနေဆဲဖြစ်သည်။
ဂျပန်ကျန်းမာရေးဝန်ကြီးဌာန၏ စစ်တမ်းအရ စာသားသက်သက်ဖြင့် သတိပေးခြင်းထက် ရုပ်ပုံများပါဝင်သည့် သတိပေးချက်က ဆေးလိပ်ဖြတ်ရန် ပိုမိုထိရောက်မှုရှိကြောင်း တွေ့ရှိရသည်။ စစ်တမ်းတွင် စာသားသက်သက်သတိပေးချက်သည် ၄ ရာခိုင်နှုန်းသာ ထိရောက်မှုရှိပြီး၊ ရုပ်ပုံများပါဝင်သည့် သတိပေးချက်မှာမူ ၁၃.၇ ရာခိုင်နှုန်းမှ ၂၀.၁ ရာခိုင်နှုန်းအထိ ပိုမိုထိရောက်မှုရှိကြောင်း သိရသည်။ ဂျပန်အစိုးရသည် ၂၀၂၀ ပြည့်နှစ်တွင် သတိပေးစာသားဧရိယာကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့သော်လည်း ရုပ်ပုံများထည့်သွင်းရန် ဥပဒေအရ သတ်မှတ်ခြင်းမရှိသေးသဖြင့် ပြည်သူ့ကျန်းမာရေးရှုထောင့်အရ ယခုကဲ့သို့ ရုပ်ပုံများပြောင်းလဲအသုံးပြုရန် ကျွမ်းကျင်သူများက တွန်းအားပေးနေခြင်း ဖြစ်သည်။


