မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကို အခြေပြုပြီး စစ်ကိုင်း-မန္တလေးအကြား ရေလမ်းခရီးဖြင့် ကူးသန်းသွားလာမှုများ ပြန်လည်စည်ကားလာကြောင်း သိရသည်။ လက်ရှိတွင် စစ်ကိုင်းနှင့် မင်းကွန်းဒေသမှ ဒေသခံများသည် ဧရာဝတီမြစ်ကို စက်တပ်သဗ္ဗာန်လှေ (ကူးတို့လှေ) များဖြင့် ဖြတ်ကူးကာ ဂေါဝိန်ဆိပ်ကမ်းမှတစ်ဆင့် မန္တလေးမြို့သို့ နေ့စဉ် ဝင်ထွက်သွားလာနေကြပြီး၊ အသွားအပြန် ကူးတို့ရေယာဉ် အခေါက်ရေ ၅၀ ထက်မနည်း ရှိနေသည်။ အဆိုပါ ဆိပ်ကမ်းသည် အထက်နှင့် အောက်မြန်မာနိုင်ငံ ကုန်စည်စီးဆင်းရာ အဓိကကုန်သွယ်ရေး ဆိပ်ကမ်းကြီးတစ်ခုဖြစ်ပြီး၊ ယခင်က ကုန်တင်သင်္ဘောကြီးများနှင့် အပျော်စီးခရီးသည်တင်သင်္ဘောများဖြင့် စည်ကားခဲ့သော်လည်း လက်ရှိတွင် အညာဆန်သင်္ဘောကြီးများ သိပ်မတွေ့ရသေးဘဲ စစ်ကိုင်း-မန္တလေး ကူးသန်းသွားလာရေး ရေလမ်းကြောင်းအဖြစ်သာ ပြန်လည်တွင်ကျယ်နေခြင်းဖြစ်ကြောင်း ကူးတို့မောင်းနှင်သူများထံမှ သိရသည်။



