ဥရောပသမဂ္ဂ (EU) သည် ရုရှားနိုင်ငံအပေါ် ချမှတ်ထားသော နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုများကို ကျော်လွှားနိုင်ရန် ကူညီပေးနေကြောင်း စွပ်စွဲချက်ဖြင့် လာအိုနိုင်ငံ၏ အဓိကပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် ပူးတွဲဖွံ့ဖြိုးရေးဘဏ် Joint Development Bank (JDB) ကို ပိတ်ဆို့အရေးယူမှု (Sanctions) စာရင်းထဲသို့ ထည့်သွင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
EU ၏ စုံစမ်းစစ်ဆေးမှုများအရ JDB ဘဏ်သည် ပိတ်ဆို့အရေးယူခံထားရသော ရုရှားဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် တရားမဝင် ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်ခြင်း၊ ရုရှားနိုင်ငံသုံး Mir ငွေပေးချေမှုကတ်စနစ်ကို လာအိုနိုင်ငံတွင်း၌ အသုံးပြုနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်းနှင့် ရုရှားလုပ်ငန်းရှင်များအတွက် ဒေါ်လာနှင့် ယူရိုငွေကြေးများကို လွှဲပြောင်းပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခုပိတ်ဆို့မှုကြောင့် JDB ဘဏ်၏ ဥရောပသမဂ္ဂအတွင်းရှိ ပိုင်ဆိုင်မှုများအားလုံး အေးခဲသွားမည်ဖြစ်ပြီး ဥရောပကုမ္ပဏီများနှင့် ဘဏ်များအနေဖြင့်လည်း အဆိုပါဘဏ်နှင့် မည်သည့်ဘဏ္ဍာရေးဆိုင်ရာ အရောင်းအဝယ်မျှ ပြုလုပ်ခွင့် ရှိတော့မည်မဟုတ်ပေ။ JDB ဘဏ်ဘက်ကမူ ဤစွပ်စွဲချက်များနှင့် ပတ်သက်၍ တစ်စုံတစ်ရာ တရားဝင်တုံ့ပြန်ပြောကြားခြင်း မရှိသေးသော်လည်း ဤအရေးယူမှုသည် လာအိုနိုင်ငံ၏ ပြည်ပကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍအပေါ် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စီးပွားရေးလေ့လာသူများက သုံးသပ်ထားကြသည်။


