မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်ပငွေလွှဲလုပ်ငန်းများအပေါ် ထိန်းချုပ်မှု ပိုမိုတင်းကျပ်သည့် စည်းမျဉ်းသစ်များကို ထုတ်ပြန်ခဲ့ရာ လုပ်ငန်းရှင်များအနေဖြင့် ၃ နှစ်သက်တမ်းလိုင်စင်အတွက် အာမခံကြေး ကျပ်သိန်း ၁,၀၀၀ ကို ဗဟိုဘဏ်တွင် ကြိုတင်အပ်နှံရမည်ဖြစ်ပြီး လိုင်စင်ကြေး ကျပ်သိန်း ၃၀ နှင့် နှစ်စဉ်ကြေး ကျပ် ၃ သိန်း ပေးသွင်းရမည်ဖြစ်သည်။ ထို့ပြင် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နှင့်အထက် လွှဲပြောင်းမှုများနှင့် မသင်္ကာဖွယ်ရာ ငွေလွှဲမှုများကို ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) ထံ မဖြစ်မနေ သတင်းပို့ရမည့်အပြင်၊ ငွေလွှဲသူနှင့် လက်ခံသူတို့၏ ကိုယ်ရေးအချက်အလက်များကိုပါ အတိအကျ မှတ်တမ်းတင်ရမည် ဖြစ်သည်။အကယ်၍ စည်းကမ်းချက်များနှင့် သံသယဖြစ်ဖွယ် အစီရင်ခံစာတင်ရန် ပျက်ကွက်ပါက ဒဏ်ငွေ ကျပ်သိန်း ၁၀၀ အထိ ချမှတ်ခြင်း၊ လိုင်စင်ဆိုင်းငံ့ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းနှင့် တည်ဆဲဥပဒေများအရ တရားစွဲဆိုခြင်းများ ပြုလုပ်မည်ဟု ပြဋ္ဌာန်းထားသည်။ ယခုကဲ့သို့ တင်းကျပ်လိုက်ခြင်းမှာ နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ် ဇွန်လအတွင်း တိုးတက်မှုမပြနိုင်ပါက အရေးယူမည်ဟု သတိပေးထားသည့် ဖိအားများနှင့် တိုက်ဆိုင်နေကြောင်း သိရသည်။



