ရန်ကုန်မြို့ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ) သို့ နှစ်ပေါင်း ၈ သန်းခန့် သက်တမ်းရှိသည်ဟု ခန့်မှန်းထားသော စတီဂိုလိုဖိုဒွန် (Stegolophodon) ရှေးဦးဆင်၏ သွားပါအောက်မေးရိုးနှင့် အံသွားအစုံများ အပါအဝင် ရှေးဟောင်းဇီဝရုပ်ကြွင်း ၁၉ ခုကို မေလ ၁၈ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။အဆိုပါ လွှဲပြောင်းပေးအပ်ခဲ့သည့် ရုပ်ကြွင်းများထဲတွင် ရှေးဦးဆင်ရုပ်ကြွင်းများအပြင် ရှေးဦးကြံ့၏ သွားပါအောက်မေးရိုးနှင့် အောက်အံသွားအစိတ်အပိုင်းများ၊ ရေမြင်းမျိုးနွယ်ဝင် တိရစ္ဆာန်၏ အောက်မေးရိုးအပိုင်းအစ၊ ရှေးဦးကျွဲနွားမျိုးစိတ်၏ ခြေဆစ်လက်ဆစ်ရိုးများ၊ ရှေးဦးသစ်ကုလားအုတ်၏ သွားပါအောက်မေးရိုးနှင့် ဆင်အံသွားအပိုင်းအစများနှင့် အခြားနို့တိုက်သတ္တဝါများ၏ အရိုးအပိုင်းအစများလည်း ပါဝင်ကြောင်း သိရသည်။



