ဧရာဝတီတိုင်းဒေသကြီးတွင် စက်သုံးဆီနှင့် လယ်ယာသွင်းအားစုစရိတ်များ အဆမတန်ကြီးမြင့်နေခြင်းကြောင့် လယ်သမားများ လယ်ယာလုပ်ငန်းများ ဆက်မလုပ်တော့ဘဲ လယ်ရောင်းချလိုသူများပြားနေသော်လည်း ဝယ်မည့်သူမရှိဘဲ အကျပ်ရိုက်နေကြောင်း သိရသည်။ လက်ရှိတွင် စက်သုံးဆီတစ်လီတာလျှင် ကျပ် ၈,၀၀၀ မှ ၁၀,၀၀၀ ကျော်အထိရှိပြီး လိုသလောက်ဝယ်မရခြင်း၊ ဓာတ်မြေဩဇာတစ်အိတ်လျှင် ကျပ်တစ်သိန်းကျော်အထိ စျေးတက်ခြင်း၊ ထွန်ယက်ခနှင့် လုပ်သားခများကြီးမြင့်ခြင်းတို့ကြောင့် လယ်သမားများ အရှုံးပေါ်နေကာ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှလည်း ချေးငွေပြန်ဆပ်ရန် ဖိအားပေးတောင်းခံမှုများနှင့် ရင်ဆိုင်နေရသည်။ ယင်းအကျိုးဆက်ကြောင့် ဧရာဝတီတိုင်းအတွင်း မိုးစပါးစိုက်ဧက ၃၈ သိန်းနီးပါးရှိရာမှ ယခုနှစ်ပိုင်းတွင် ဧက ၂၀ သိန်းဝန်းကျင်ခန့်သာရှိတော့သဖြင့် စိုက်ပျိုးဧက ထက်ဝက်နီးပါးအထိ လျော့ကျသွားကြောင်း သိရသည်။



