ရန်ကုန်မြို့တွင်းရှိ စည်းကမ်းမဲ့ကားများကို ဖမ်းဆီးရာတွင် ယာဥ်မောင်းအားရိုသေစွာဆက်ဆံခြင်းဖြင့် ပုံစံပြောင်းစစ်ဆေးနေကြောင်း အမှတ်(၂)ယာဥ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။ယာဥ်မောင်းကို ရိုသေစွာအလေးပြု၍ မင်္ဂလာပါ ဟုပြောဆိုဆက်ဆံ၍ ယာဥ်ကိုဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။
" အရင်တုန်းကတည်းက အဲဒီစနစ်ကရှိပါတယ်။ အခုမှပြန်စဖြစ်တာပါ။ ကားတစ်စီးကစည်းကမ်းမဲ့မောင်းလာပြီဆိုရင် အဲဒီကားကိုတားတယ်။ ပြီးရင်ယာဥ်မောင်းကို အလေးပြုပြီးတော့ မင်္ဂလာပါ ခင်ဗျာလို့ပြောပြီးနှုတ်ဆက်ရတာပေါ့။ စီမံချက်နဲ့လုပ်တာမဟုတ်ပါဘူး"ဟု အမှတ်(၂)ယာဥ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါစနစ်ကို ပညာပေးပုံစံဖြင့် မြို့နယ်ပေါင်းစုံတွင် ယာဥ်ထိန်းတာဝန်ရှိသူများက ဆောင်ရွက်နေကြောင်း သိရသည်။ 


