ယနေ့ (မေလ ၁၈ ရက်) နံနက် ၈ နာရီ ၃၆ မိနစ်ခန့်က ရန်ကုန်တိုင်းအတွင်း လှုပ်ခတ်သွားခဲ့သည့် ပမာဏ ၅.၂ အဆင့်ရှိ အင်အားအသင့်အတင့် ငလျင်ကြောင့် ရန်ကုန်မြို့ခံ ပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ရသည့်အပြင် သရုပ်ဆောင် သွန်းဆက်၏ နေအိမ်တွင်လည်း တပ်ဆင်ထားသည့် မီးဆိုင်းများ ပြုတ်ကျကာ ကွဲအက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှု ပြင်းထန်ခဲ့ခြင်းကြောင့် သူမကိုယ်တိုင်သာမက အသက် ၉ လအရွယ်သာ ရှိသေးသည့် သူမ၏ သမီးငယ်ပါ ကြောက်လန့်တကြား ဖြစ်ခဲ့ရကြောင်း သွန်းဆက်က လူမှုကွန်ရက်တွင် မျှဝေပြောပြထားသည်။ အဆိုပါ ငလျင်သည် ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်၏ တောင်ဘက် ၉ မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင်းရှိ အထပ်မြင့်အဆောက်အအုံများနှင့် နေအိမ်များတွင် သိသိသာသာ တုန်ခါမှုကို ပြင်းထန်စွာ ခံစားခဲ့ရခြင်း ဖြစ်သည်။


