ရန်ကုန်မြို့တွင် ယနေ့နံနက်ပိုင်းလှုပ်ခတ်သော ငလျင်မှာ အလွန်ကြမ်းသောကြောင့် အထပ်မြင့်တိုက်တာများတွင် နေထိုင်သော ပြည်သူများမှာ အထပ်မြင့်တိုက်တာများမှ ပြေးဆင်းလာကြကြောင်း ပြည်သူများက ပြောဆိုသည်။ "ဒီမနက် ငလျင်လှုပ်ခတ်သွားတာက အတော်ကို သိသာတယ်။ အချိန်လည်းကြာတယ်။ ဒီလောက်ကြီး ကြမ်းကြမ်းလှုပ်တာ အတော်ကို လန့်စရာပဲ" ဟု စမ်းချောင်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။"ငလျင်အရမ်းကြမ်းတော့ အထပ်မြင့်တိုက်တာတွေအားလုံးပေါ်ကနေ အော်ပြီးတော့ ပြေးဆင်းကြတာ" ဟု ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ရှင်းပြသည်။
ယနေ့ နံနက် လှုပ်ခတ်သော ငလျင်မှာ ရန်ကုန်မြို့ ပင်လယ်၀အနီးတွင် ဗဟိုပြု လှုပ်ခတ်ခြင်းဖြစ်ပြီး ငလျင်ပြင်းအား ၅ ဒသမ ၃ အဆင့်ရှိကြောင်း ကနဦး ငလျင်သတိပေးချက်များအရ သိရှိရသည်။


