ကဆုန်လပြည့်နေ့ လွတ်ငြိမ်းဖြင့် ပြန်လွတ်လာသည့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌ ဦးခင်စိုးနှင့် အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်တို့အား ထိုနေ့မှာပင် စစ်တပ်က ပြန်လည် ဖမ်းဆီးလိုက်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရသည်။ဦးခင်စိုးနှင့် ဒေါက်တာဝင်းမြင့်တို့သည် စက်သုံးဆီရောင်းဝယ်ဖြန့်ဖြူးရေးနှင့် ဒေါ်လာရောင်းဝယ်ရေးတို့တွင် မသမာမှုပြုလုပ်သည်ဟုဆိုကာ ရာထူးမှ ဖယ်ရှား ဖမ်းဆီးခဲ့ပြီး ဧပြီလ ၂၃ ရက်၌ ၎င်းတို့နှစ်ဦးကို နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်တရားရုံးက ထောင်ဒဏ် ခြောက်လစီ ချမှတ်ခဲ့သည်။ထားဝယ်သား စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သော ဦးခင်စိုးသည် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီတခုဖြစ်သည့် Apex Group ကိုတည်ထောင်ထားကာ ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ Apex စက်သုံးဆီ အရောင်းဆိုင်၊ ထားဝယ်မြို့ရှိ ဈေးဝယ်စင်တာ၊ ဟိုတယ်လုပ်ငန်း အဓိကလုပ်သည့် ထားဝယ် အများပိုင်ကုမ္ပဏီ (DDPC) အပါအဝင် ပင်လယ်ငါးဖမ်း လုပ်ငန်းလုပ်သည့် ရန်ကုန်မြို့အခြေစိုက် အဏ္ဏဝါလွှမ်းကုမ္ပဏီတို့၏ ဥက္ကဋ္ဌနှင့် ပိုင်ရှင်လည်းဖြစ်ပြီး နိုင်ငံတော်ပိုင်စက်သုံးဆီအရောင်းဆိုင် အများအပြားကို လုပ်ပိုင်ခွင့် ရရှိ ထားသူလည်း ဖြစ်သည်။အတွင်းရေးမှူးဖြစ်သူ ဒေါက်တာဝင်းမြင့်သည် ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ မြတ်မေတ္တာမွန် စက်သုံးဆီရောင်းဝယ်ရေးပိုင်ရှင် ဖြစ်ပြီး ဦးသန်းရွှေလက်ထက်မှ စတင်ကာ အစိုးရအဆက်ဆက် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ အဓိကလုပ်ကိုင်ခဲ့သလို မန္တလေး ဆီတင်ဆီချဆိပ်ကမ်း စီမံကိန်းကို ဦးဆောင်နေသူတဦးလည်း ဖြစ်သည်။



