မြန်မာကနေ ထိုင်းကို ငရုတ်သီးအမှည့်အစို တင်ပို့ရာမှာ သယ်ယူပို့ဆောင်ရေးစရိတ် ကုန်ကျမှုများပြီး သိန်းရာနဲ့ချီ အရှုံးပေါ်နေတဲ့အတွက် ကုန်သည်တွေအနေနဲ့ ထိုင်းကို ငရုတ်သီး တင်ပို့နိုင်ခြင်း မရှိဘူးလို့ စုံစမ်း သိရှိရပါတယ် ။ ထိုင်းကို ငရုတ်သီး တင်ပို့နိုင်တဲ့ လမ်းကြောင်းက တာချီလိတ် နယ်စပ်ဂိတ်ကနေသာ တင်ပို့ရတာ ဖြစ်ကြောင်း ၊ ငရုတ်သီး သယ်ယူစရိတ် ကားခအနေနဲ့ ဧရာဝတီတိုင်းကနေ တာချီလိတ်အထိကို ငရုတ်သီး တန်ချိန် ၁၀ တန် နီးပါး ဆံ့တဲ့ ကားတစီးကို ကျပ်သိန်း ၁၈၀ လောက် ကုန်ကျမှုရှိတယ်လို့ သိရပါတယ်။ တာချီလိတ်ကမှတဆင့် ထိုင်းနိုင်ငံဘန်ကောက်အထိကို ငရုတ်သီး သယ်ယူပို့ဆောင်ရာမှာလည်း ကုန်ကျစရိတ်က သိန်းရာနဲ့ချီကုန်ကျမှု ရှိတာကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်က ပိုများနေပြီး လက်ရှိ ထိုင်း ငရုတ်သီးစျေးကွက်က ကျနေတဲ့အတွက် အရှံးပေါ်ပြီး ကုန်သည်တွေက ငရုတ်သီးတင်ပို့မှုကို ရပ်ထားရတဲ့ အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ထိုင်းနိုင်ငံ ငရုတ်သီးစျေးနူန်းက တကီလိုကို ထိုင်းဘတ် ၃၈ ဘတ်ကနေ ၄၂ ဘတ်အထိသာ စျေးပေါက်ပြီး မြန်မာကနေ ထိုင်းကို ငရုတ်သီး တင်ပို့တဲ့ ကုန်ကျစရိတ်က ငရုတ်သီး တကီလိုကို ၄၀ ဘတ်ကနေ ၅၀ ဘတ်လောက်အထိ ကုန်ကျမှုရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ 
Feb 08 • 2:34 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


