ပါကစ္စတန် နိုင်ငံ မြို့တော် အစ္စလာမ္မာဘတ်က ဗလီတခု မှာ သောကြာနေ့ ဝတ်ပြု ဆုတောင်း နေချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၁၆၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ရဲတပ်ဖွဲ့ရဲ့ အဆိုအရ အသေခံဗုံးခွဲ သမားဟာ ရှီယာဗလီ ဂိတ်တံခါးဆီ ချဉ်းကပ် လာပြီးနောက် ဗုံးဖောက်ခွဲ ခဲ့တာဖြစ်ကာ ဗလီ အစောင့်တွေက တိုက်ခိုက်သူကို ဗလီ အပြင်ဂိတ် တံခါးနေရာမှာ ဟန့်တားဖို့ ကြိုးပမ်းခဲ့ပေမယ့် တိုက်ခိုက်သူက ပစ္စတိုနဲ့ ပြန်လည် ပစ်ခတ် ခဲ့ရာ အစောင့်နှစ်ဦး ဒဏ်ရာရသွားပြီးနောက် အထဲကို ဝင်ရောက် သွားခဲ့ တာ ဖြစ်ပါတယ်။အစ္စလာမ်မစ် နိုင်ငံအဖွဲ့ IS က ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်ကြောင်း နောက်ပိုင်းမှာ ကြေညာခဲ့ပြီး၊ တိုက်ခိုက်သူလို့ ယူဆရသူ ရဲ့ နာမည်နဲ့ ဓာတ်ပုံကိုပါ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က အခုလို တိုက်ခိုက်မှုကို ရှုတ်ချ ခဲ့ပြီး အလွန်တရာ ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ကာ၊ စုံစမ်း စစ်ဆေး မှုတွေ အသေအချာ ပြုလုပ်ဖို့နဲ့ တိုက်ခိုက်မှု နောက်ကွယ်က သူတွေကို ချက်ချင်းဖော်ထုတ်ဖို့ အမိန့်ပေးထားပါတယ်။ပါကစ္စတန် ပဋိပက္ခနှင့် လုံခြုံရေးလေ့လာရေးအဖွဲ့ PICSS ရဲ့ ပြောကြားချက် အရ ပါကစ္စတန်မှာ အကြမ်းဖက်မှုများကြောင့် လူပေါင်း ၃,၄၁၃ ဦး သေဆုံးခဲ့ပြီး ဒါဟာ ၂၀၂၄ က ၁,၉၅၀ ဦး ရှိရာ ကနေ မြင့်တက် လာတာ လို့ ဆိုပါတယ်။



