back

ငွေကြေးခဝါချရာတွင် AI နည်းပညာကိုပါ အသုံးချကာ ပုံစံအသစ်များဖြင့် လုပ်လာ

Feb 07 • 2:43 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ငွေကြေးခဝါချရာတွင် AI နည်းပညာကိုပါ အသုံးချကာ ပုံစံအသစ်များဖြင့် လုပ်လာ

ငွေကြေးခဝါချမှုများကို ကုန်သွယ်မှုအခြေခံကာ တရားမဝင်ငွေကြေးများ နယ်စပ်ဖြတ်ကျော်သယ်ဆောင်ခြင်း၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများအပြင် AI နည်းပညာများကိုပါ အသုံးချကာ ...

ငွေကြေးခဝါချမှုများကို ကုန်သွယ်မှုအခြေခံကာ တရားမဝင်ငွေကြေးများ နယ်စပ်ဖြတ်ကျော်သယ်ဆောင်ခြင်း၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများအပြင် AI နည်းပညာများကိုပါ အသုံးချကာ ငွေကြေးခဝါချမှု ပုံစံအသစ်များဖြင့် ဆောင်ရွက်လာကြကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေက ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပုဂလိကကဏ္ဍရှိ လုပ်ငန်းရှင်များအား ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး(AML/CFT) နှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသိပညာမြှင့်တင်ရေးရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ဖေဖော်ဝါရီ ၅ ရက်က ကျင်းပခဲ့ရာတွင် ဗဟိုဘဏ်ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ငွေကြေးခဝါချမှု ဆောင်ရွက်လာသည့် ပုံစံအသစ်များအနက် ကုန်သွယ်မှုလုပ်ငန်းစဉ်များကို အသုံးချ၍ တရားမဝင်ငွေများအား နယ်စပ်ဖြတ်ကျော်သယ်ဆောင်ခြင်းနှင့်ပတ်သက်ပြီး ဗဟိုဘဏ်ဥက္ကဋ္ဌက ‘’Trade-Base ပေါ့၊ ကုန်သွယ်မှုလုပ်ငန်းစဉ်ကို အခြေခံပြီးတော့ တရားမဝင်နယ်စပ်ဖြတ်ကျော်တာ။ သူက Asset ကို ပုံစံပြောင်းလိုက်တာ။ Asset ကို ပုံစံပြောင်းလိုက်တာမှာ နိုင်ငံတကာမှာလည်း ဖြစ်နေတဲ့ကိစ္စရပ်တွေရှိတယ်။ ကျွန်မတို့ဆီမှာဖြစ်နေတဲ့ကိစ္စတွေလည်းရှိတယ်””ဟု ပြောကြားခဲ့သည်။မြန်မာနိုင်ငံအနေဖြင့် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)၏ မြန်မာနိုင်ငံအား စိစစ်ဆောင် ရွက်မှုများပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် အန္တရာယ်မြင့်မားမှုရှိသော နိုင်ငံနှင့်ဒေသများစာရင်းမှ အမြန်ဆုံး လွတ်မြောက်အောင် ဆောင်ရွက်လျက်ရှိသည်။

‘’ဒါကြောင့်မလို့ ဒီနေရာမှာ ကုန်သည်ကြီးတွေရော၊ သတင်းပို့အဖွဲ့အစည်းတွေရော တိုင်းပြည်အတွက် မြန်မြန်လေး FATF က ထွက်ချင်ပါတယ်။ ထွက်ချင်တဲ့အတွက် ကိုယ့်ရဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေက ရှင်းလင်းဖို့လိုတယ်။ ပုံမှန်ဖြစ်ဖို့လိုပါတယ်”ဟု ဗဟိုဘဏ်ဥက္ကဋ္ဌက ဆိုသည်။ယင်းသို့ရှင်းလင်းရန်အတွက် အခက်အခဲများ၊လိုအပ်သည်များကို ဗဟိုဘဏ်က ပူးပေါင်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ငွေကြေးခဝါချမှုနောက်ထပ်ပုံစံအသစ်တစ်ခုမှာ Online Scam Laundering ဖြစ်သည့် အွန်လိုင်းမှ လိမ်လည်ရရှိသောငွေများကို ခြေရာဖျောက်ရန် အဆင့်ဆင့်ပြောင်းလဲသည့်ပုံစံဖြစ်သည်။ နည်းလမ်းအနေဖြင့် အခြားသူများ၏အကောင့်များကို ငှားရမ်းအသုံးပြုခြင်း သို့မဟုတ် နိုင်ငံသားစိစစ်ရေးကတ်အတုများ ပြုလုပ်ခြင်း၊ ငွေများကို Crypto(ခရစ်ပ်တို)သို့ ပြောင်းလဲပြီး လူအများအပြားသို့ လွှဲပြောင်းခြင်းတို့ ဖြစ်သည်။ AI နည်းပညာကို အသုံးပြု၍ ဘဏ်များ၏ AML System အား ကျော်လွှာနိုင်ရန် ဆောင်ရွက်လာကြောင်း၊ AI ဖြင့် ဖန်တီးထားသော လူပုဂ္ဂိုလ်အတုများဖြင့် အကောင့်ဖွင့်ခြင်း၊ အသံနှင့်မျက်နှာတုပ၍ ငွေလွှဲခိုင်းခြင်း စသည့်နည်းလမ်းများကို အသုံးပြုကာ AI Powered ဖြင့် ငွေကြေးခဝါချမှုများ ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရသည်။

နောက်ပိုင်းမှာ နည်းပညာတွေမြင့်လာတာနဲ့အမျှ risk ကတော့ရှိတယ်။ အဲဒီ riskနောက်ကိုလိုက်ပြီးတော့မှ ဘယ်လိုကာကွယ်မှာလဲ၊ဒါမျိုးတွေ ဆောင်ရွက်နေပါတယ်” ဟု ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒစ်ဂျစ်တယ်ငွေကြေးများ(ခရစ်ပ်တိုငွေကြေးအပါအဝင်)ကို Online (သို့) ကိုယ်တိုင်ရောင်းဝယ်ခြင်းကို ခွင့်ပြုထားခြင်းမရှိပေ။ ဒစ်ဂျစ်တယ်ငွေကြေးများ (ခရစ်ပ်တို ငွေကြေး အပါအဝင်)ကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်ထားခြင်း မရှိသကဲ့သို့ ယင်းကို ရောင်းဝယ်လဲ လှယ်ခြင်းများအတွက် ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ခွင့်ပြုထားခြင်းမရှိပေ။ ပြည်သူလူထုအနေ ဖြင့် ဗဟိုဘဏ်မှ တရားဝင်ခွင့်မပြုထားသော Crypto Assets များ ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်း၊ သိုလှောင်၊ သိမ်းဆည်းခြင်းများ မပြုလုပ်ရန်လည်း ထုတ်ပြန်ထားသည်။

news-view-count-icon

37