ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)အပါအဝင်လုပ်ငန်းရှင် ၃ ဦးကို ရွှေဈေးကွက် မတည်မငြိမ် ဖြစ်အောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့်ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌအပြင်ဒုတိယဥက္ကဋ္ဌ- ၁ ဦးမျိုးသူဝင်း(အကယ်ဒမီရွှေဆိုင်) နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင် အကယ်ဒမီရွှေဆိုင်) တို့လည်းပါဝင်ပါတယ်။ဖမ်းဆီးခံရသူ ၃ ဦးဟာ ပြင်ပရွှေပေါက်ဈေးနှုန်းနဲ့ ရွှေတုံး၊ ရွှေခဲတွေကို ဝယ်ယူ၊ သိုလှောင်ပြီး အရောင်းအဝယ်ပြုလုပ်တာကြောင့်လို့ ဆိုပါတယ်။ဖမ်းဆီးခံရသူ ၃ ဦးဟာ ရွှေဈေးနှုန်းတည်ငြိမ်စေရေး ကြပ်မတ်ရမယ့် တာဝန်ရှိသူတွေဖြစ်ပေမဲ့ သူတို့ကိုယ်တိုင် ရွှေဈေးကွက် မတည်မငြိမ် ဖြစ်အောင်လုပ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ဥက္ကဋ္ဌ ဦးမျိုးမြင့် ဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရွှေ ၇၀ ကျပ်သားရှိ အခေါက်ရွှေတုံး ၈ တုံးကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ယူသိုလှောင် ထားရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ကဖော်ပြပါတယ်။ဦးမျိုးသူဝင်း ကလည်း သူ့ရဲ့ ရွှေဆိုင်တွေမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ နဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၉၇၀ ကျပ်သားကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ယူပြီး ရွှေ ၉၅၀ ကျပ်သားကို အမြတ်ယူကာ ဈေးနှုန်းမြှင့်ပြီး ပြန်လည်ရောင်းချခဲ့တယ်လို့ဆိုပါတယ်။
ဦးနေမျိုးထက်ဟာလည်း သူ့ရဲ့ ရွှေဆိုင်တွေမှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ နဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သားကို ပြင်ပပေါက်ဈေးနှုန်းနဲ့ ဝယ်ယူပြီး ရွှေ ၂၆၈ ကျပ်သားကို အမြတ်တင်ကာ ဈေးတင်ရောင်းချခဲ့တာကို စိစစ်တွေ့ရှိရတယ်လို့ ပြောပါတယ်။ ဖမ်းဆီးခံရသူတွေကို သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အမိန့် ကြော်ငြာစာပါ တားမြစ်ချက်တွေကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်တဲ့အတွက် တည်ဆဲဥပဒေတွေ နဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။



