ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ ကားအပိုပစ္စည်းစက်ရုံတခုတွင် အလုပ်ထုတ်ခံထားရသည့် မြန်မာအလုပ်သမား ၁၈ ဦးအား ၈ လကျော်သည်အထိ အလုပ်ရှင်ဘက်မှ နစ်နာကြေးပေးခြင်း မရှိသေးသဖြင့် တရားစွဲရန် ပြင်ဆင်နေကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ထိုင်းရောက် မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေးကော်မတီမဟာမိတ်အဖွဲ့ (MHAC)ထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်တွင် မြန်မာလုပ်သား ၁၈ ဦးသည် အလုပ်မှ အကြောင်းပြချက်မရှိဘဲ ထုတ်ပယ်ခံလိုက်ရသည့်အတွက် အလုပ်သမားရေးရာ နယ်မြေခံရုံးကို တိုင်ကြားခဲ့ရာ အလုပ်ရှင်ဘက်မှ ဇန်နဝါရီ ၃၀ ရက် နောက်ဆုံးထားပြီး နစ်နာကြေးပေးရန် အမိန့်စာထုတ်ပြန်ခဲ့သည်။ ယခုအခါ ထိုသတ်မှတ်ရက်ကျော်လွန်သည်အထိ လျော်ကြေးပေးခြင်းမရှိသည့်အတွက် အလုပ်ရှင်ကို တရားစွဲရန် ပြင်ဆင်ခြင်းဖြစ်ပြီး ယင်းအမှုအတွက် အလုပ်သမားများ နစ်နာကြေးရရှိသည်အထိ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့က ဆိုသည်။



