ထိုင်းနိုင်ငံ၊ ဆုန်ခလာပြည်နယ်၊ ဟတ်ယိုင်ခရိုင်ရှိ စူပါမားကတ်တစ်ခုအတွင်းမှ ရွှေဆိုင်အား ဝင်ရောက်လုယက်ပြီး ဘတ် ၂ သန်းခွဲနီးပါးတန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို ခိုးယူသွားခဲ့သည့် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ အဆိုပါ လုယက်မှုသည် ဟတ်ယိုင်မြို့ရှိ Lotus’s စူပါမားကတ်အတွင်း တည်ရှိသော ရွှေဆိုင်တွင် ညနေ ၆ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် တူတစ်ချောင်းကို အသုံးပြု၍ ကောင်တာနောက်ဘက်ရှိ မှန်ဗီရိုကို ရိုက်ခွဲကာ ရွှေထည်များထည့်ထားသည့် ဘတ် ၂ ဒသမ ၄ သန်းကျော် တန်ဖိုးရှိသည့် ရွှေဗန်း ၃ ဗန်း၊ ၄ ဗန်းခန့်ကို ယူဆောင်၍ ထွက်ပြေးသွားခဲ့သည်။ အခိုးခံရသည့် ရွှေထည်အများစုမှာ ဆွဲကြိုးများဖြစ်ပြီး တစ်ကုံးလျှင် ခန့်မှန်းခြေ ဘတ် ၇၄,၀၀၀ ခန့် တန်ဖိုးရှိသည်။



